သြစတြေးလျအစိုးရက Roblox၊ Minecraft၊ Fortnite နှင့် Steam တို့တွင် ကလေးသူငယ်အလွဲသုံးစားမှုနှင့် အစွန်းရောက်မှုများ တားဆီးရန် တောင်းဆို

သြစတြေးလျအစိုးရ၏ eSafety office သည် Roblox၊ Microsoft၊ Epic နှင့် Valve ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စနစ်များတွင် ကလေးသူငယ်များကို လှည့်ဖျားဖြားယောင်းခြင်း (grooming) နှင့် အစွန်းရောက်ဝါဒများ ပျံ့နှံ့မှုကို မည်သို့တားဆီးနေသည်ကို အသေးစိတ်ရှင်းပြရန် တရားဝင်တောင်းဆိုလိုက်သည်။ eSafety office သည် ၂၀၁၅ ခုနှစ်တွင် လူငယ်များအွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရမှုနှင့် ကလေးသူငယ်အလွဲသုံးစားမှုများကို တိုက်ဖျက်ရန် စတင်ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောအေဂျင်စီတစ်ခု ဖြစ်သည်။

eSafety ၏ ထုတ်ပြန်ချက်အရ Roblox၊ Minecraft၊ Fortnite နှင့် Steam တို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများက ကလေးများကို ဖြားယောင်းရန်နှင့် အစွန်းရောက်အုပ်စုများက အကြမ်းဖက်ဝါဒများ ဖြန့်ဝေရန် အသုံးပြုနေခြင်းအပေါ် စိုးရိမ်မှုများရှိနေသောကြောင့် အဆိုပါကုမ္ပဏီများကို ပွင့်လင်းမြင်သာမှုရှိစွာ အစီရင်ခံရန် ဥပဒေအရ အကြောင်းကြားစာ ပေးပို့ထားခြင်းဖြစ်သည်။

eSafety Commissioner ဖြစ်သူ Julie Inman Grant က ‘ကျူးလွန်သူတွေဟာ အွန်လိုင်းဂိမ်းတွေထဲမှာ ကလေးတွေနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့နောက် သီးသန့်စာတိုပေးပို့တဲ့ ဝန်ဆောင်မှုတွေဆီ ခေါ်ဆောင်သွားလေ့ရှိတာကို တွေ့ရပါတယ်’ ဟု ပြောကြားခဲ့သည်။ သြစတြေးလျရှိ အသက် ၈ နှစ်မှ ၁၇ နှစ်ကြား ကလေး ၉၀ ရာခိုင်နှုန်းခန့်သည် အွန်လိုင်းဂိမ်းများကို ကစားကြပြီး ယင်းနေရာများသည် ကစားရန်သာမက လူမှုဆက်ဆံရေးအတွက်ပါ အရေးပါသော နေရာများဖြစ်နေသည်။

Julie Inman Grant က ဆက်လက်၍ အစွန်းရောက်အုပ်စုများသည် Roblox တွင် အိုင်စစ် (Islamic State) လှုံ့ဆော်သည့် ဂိမ်းများနှင့် လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုများကို ပြန်လည်ဖန်တီးခြင်း၊ Minecraft တွင် ဖက်ဆစ်အမှတ်အသားများကို အသုံးပြုခြင်း၊ Fortnite တွင် ဒုတိယကမ္ဘာစစ် အကျဉ်းစခန်းများကို ပုံဖော်ခြင်းစသည့် နမူနာများကို ထောက်ပြခဲ့သည်။ ထို့အပြင် Steam သည်လည်း လက်ယာစွန်းရောက် အုပ်စုများ စုဝေးရာနေရာတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

အဆိုပါ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ တောင်းဆိုချက်ကို လိုက်နာရန် ပျက်ကွက်ပါက ကုမ္ပဏီများအနေဖြင့် တစ်ရက်လျှင် သြစတြေးလျဒေါ်လာ ၈၂၅,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ကြောင်း eSafety office က သတိပေးထားသည်။

Roblox ကုမ္ပဏီက ၎င်းတို့အနေဖြင့် အစွန်းရောက်ဝါဒနှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်းကြပ်စွာ တားမြစ်ထားပြီး AI နည်းပညာကို အသုံးပြု၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် မကြာမီတွင် အသက် ၁၆ နှစ်အောက် ကလေးများအတွက် မိဘများက ပိုမိုထိန်းချုပ်နိုင်မည့် အကောင့်စနစ်သစ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။